Thursday, October 12, 2017

မိမိကိုယ်မိမိ ခွင့်လွှတ်တတ်အောင် သင်ယူခြင်း

       လူရယ်လို့ဖြစ်လာရင် အမှားမကင်းကြပါဘူး။ သေးငယ်တဲ့ အမှားနဲ့ ကြီးမားတဲ့ အမှားဆိုပြီး နှစ်မျိုးသာ ကွာခြားပါတယ်။ ကြီးမားတဲ့ အမှားကို ဖျက်မရတဲ့ အမှားဆိုပြီး ခေါ်ကြပါတယ်။ ဒါကိုတော့ စာရေးသူ လက်မခံပါဘူး။ ဖျက်မရတဲ့ အမှားကျူးလွန်မိပြီဆိုတော့ ကိုယ့်ကိုကိုယ်သတ်သေရမှာပါလား။
      အမှားမကျူးလွန်မိအောင် တတ်နိုင်သမျှကြိုးစားသင့်ပါတယ်။ တကယ်လို့ ကျူးလွန်မိပြီဆိုရင်လဲ ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်တဲ့အခါ အမှားကို ထပ်မံကျူးလွန်မိတတ်ကြပါတယ်။ အမှားထပ်မကျူးလွန်ခဲ့ရင်လဲ သတ်သေတဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ခွင့်လွှတ်ခြင်း တစ်နည်းအားဖြင့် မိမိကိုယ်ကို တန်ဖိုးထားခြင်းဟာ အရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့ ကျွန်တော်တို့ အောက်ပါ အချက် ၇ ချက်ကို လုပ်ဆောင်ဖို့လိုပါတယ်။

၁။ ပြစ်မှုအမျိုးအစားသတ်မှတ်ပါ။
ကိုယ့်ကိုကိုယ် ခွင့်လွှတ်ရခက်တဲ့ ကိစ္စကို ဆင်ခြင်ကြည့်တဲ့အခါ ပြစ်မှုအမျိုးအစားလေးမျိုးကို တွေ့ရပါတယ်။
  • ဘဝနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ ကျရှုံးတာ (ဥပမာ ဆယ်တန်းကျတာ၊ ဆယ်တန်းမှာ လိုချင်တဲ့ အမှတ်မရတာ)
  • တခြားလူကို နာကျင်အောင် ပြုလုပ်မိတာ
  • ကိုယ့်ကိုကိုယ် နာကျင်အောင် ပြုလုပ်မိတာ (ဥပမာ အရက်သောက်မိတာ၊ ဘိန်းရှူမိတာ စသဖြင့်)
  • လုပ်သင့်တယ်လို့ တွေးထားခဲ့တဲ့ ကိစ္စတွေကို မလုပ်မိတာ (ဥပမာ သင်တန်းတက်မယ်တွေးမိပြီး နောက်တစ်နှစ်ကြာသည်အထိ ဒီအဆင့်ကမတက်ပဲ ဖြစ်နေတာ)
ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ဖို့ကိုတော့ ဆိုက်ကို ပညာရှင်တွေက အလေးပေး ပြောကြပါတယ်။ အဲ့ဒီလို သတ်မှတ်ပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ဖို့ နည်းကို ရှာဖွေတွေ့ရှိမှာပဲ ဖြစ်ပါတယ်။

၂။ ကိုယ်ဘယ်လိုခံစားရလဲ သိအောင်ကြိုးစားပါ။
ကိုယ့်ကိုကိုယ် ဘယ်လိုခံစားရလဲသိဖို့ အကောင်းဆုံးနည်းကတော့ အရင်းနှီးဆုံးလူတစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ဖို့ပါပဲ။ တစ်ယောက်ယောက်ကို ပြောပြတဲ့အခါ ရင်ထဲပေါ့ပါးသွားပါတယ်။ ကိုယ် ဘယ်လိုခံစားရလဲဆိုတာကို နားလည်သွားပါတယ်။ တကယ်လို့ တစ်ယောက်ယောက်ကို ဖွင့်မပြောချင်ခဲ့ဘူးဆိုရင် စာနဲ့ချရေးပါ။ အဓိကက ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာ မလိမ်မညာပဲ အမှန်အတိုင်း ထွက်လာဖို့ပါ။

၃။ ဘယ်လိုပြန်လည်ပြင်ဆင်ရမလဲ သိအောင်ကြိုးစားပါ။
ဘယ်လိုခံစားရလဲသိပြီးပြီဆိုတော့ ဘာလုပ်သင့်လဲ၊ ဘာဖြစ်သင့်လဲ ဆိုတာကို စဉ်းစားလို့ရပါပြီ။ ဥပမာ မိမိ သူငယ်ချင်းဆီက ငွေချေးမိပြီး ပြန်မဆပ်ပဲနေမိလို့ အရှက်ရနေပါသလား။ ဒါဆို ပြန်သွားဆပ်လိုက်ပေါ့ဗျာ။

၎။ အတိတ်က အတိတ်ပဲဆိုတာ လက်ခံနိုင်အောင် ကြိုးစားပါ။
အတိတ်ဆိုတာ ပစ္စုပ္ပန်မဟုတ်ပါဘူး။ ပြီးဆုံးခဲ့ပြီးပါပြီ။ ပြန်လည်ပြင်ဆင်ဖို့နည်းလဲ ရပြီးနေပြီပဲ။ ရဲရဲရင့်ရင့် ပြင်ဆင်လိုက်ပါ။ ပြင်ဆင်ပြီးရင်တော့ အတိတ်ကို ပြန်ပြန်ဆွဲမခေါ်ပါနဲ့တော့။ နာကျင်စရာဆိုရင် မေ့ပစ်ရပါတယ်။ ပျော်စရာဆိုရင် သယ်ဆောင်လာရပါတယ်။ မိမိကိုယ်မိမိ ချစ်တယ်ဆိုရင်ပေါ့။

၅။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တယ်လို့ ယုံကြည်ပါ။
ဘယ်လိုအပြစ်ပဲလုပ်ခဲ့လုပ်ခဲ့ အကောင်းဆုံးဖြစ်အောင် ပြန်လည်ဖြေရှင်းပါ။ ပြီးရင်တော့ ကိုယ်အကောင်းဆုံးပြုပြင်ပြီးပြီလို့ ယုံကြည်လက်ခံလိုက်ပါ။ တကယ်လို့ ဒီအချိန်ထိ ကိုယ့်ကိုကိုယ် အပြစ်တင်နေဦးမယ်ဆိုရင် ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့တူပါတယ်။

၆။ အမှားပေါ်မှာ သင်ခန်းစာယူတတ်ပါစေ။
ကိုယ့်ကိုကိုယ် ခွင့်မလွှတ်တတ်တာမျိုးမဟုတ်ပဲ ငါဒီလိုအမှားမျိုး ကျူးလွန်ခဲ့ဖူးတယ်ဆိုတာကိုတော့ သတိရနေဖို့လိုပါတယ်။ ဒီအမှားကို သင်ခန်းစာယူပြီး၊ နောင်တစ်ချိန်မှာ တူညီတဲ့ အမှားမကျူးလွန်မိအောင် ကြိုးစားဖို့ လိုပါတယ်။

၇။ မိမိကိုယ်မိမိ ချစ်တတ်ပါစေ။
ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်တဲ့လူဟာ ကိုယ့်ကိုကိုယ် နာကျင်အောင် မလုပ်ပါဘူး။ ကိုယ်ကောင်းမွန်ဖို့အတွက်ပဲ အချိန်တိုင်း စဉ်းစားပါ။ အနာဂတ်မှာ အမှားကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန်နေနိုင်မယ်လို့ ယုံကြည်ပါ။ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်အောင်ထားသလို မိမိကိုယ်ကို ပျော်ရွှင်အောင်ထားပါ။

0 comments:

Post a Comment