Thursday, October 12, 2017

Billionaire ဖြစ်အောင် ဘယ်လိုလုပ်မလဲ

လူတိုင်းချမ်းသာချင်ကြပါတယ်။ ပိုက်ဆံရှိရင် ဘာလုပ်မယ်ဆိုတဲ့ အတွေးမျိုးလူတိုင်းတွေးဖူးကြပါတယ်။ ကျွန်တော်လဲ တွေးဖူးပါတယ်။ ကျွန်တော်ငယ်ငယ်ကဆို ကျွန်တော်က cristiano ronaldo ထက်တော်တဲ့ ဘောလုံးသမားဖြစ်ပြီး ဝင်ငွေတွေအများကြီးရတယ်လို့ မကြာခဏ စိတ်ကူးယဉ်ဖူးပါတယ်။ မိတ်ဆွေတို့လဲ အနည်းဆုံးတစ်ကြိမ်တော့ စိတ်ကူးယဉ်ဖူးကြမှာပါ။

စိတ်ကူးတယ်ဆိုတာ ပင်ပန်းတဲ့အလုပ်မဟုတ်သလို ပိုက်ဆံလဲမကုန်တာမို့ လွတ်လွတ်လပ်လပ်စိတ်ကူးကြတဲ့သူများပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်ထည်ဖော်တဲ့သူ နည်းပါတယ်။ ကျွန်တော် ဘောလုံးသမားမဖြစ်ခဲ့ပါဘူး။ တကယ်တမ်းလဲ ဝါသနာမပါခဲ့ပါဘူး။ ကြည့်ဖို့လောက်ပဲ ဝါသနာပါတာပါ။ ပြီးတော့ ပိုက်ဆံအရမ်းချမ်းသာတဲ့ သူဌေးကြီးလဲ မဟုတ်ပါဘူး။ အဲ့လောက် pressure ကို ခံယူဖို့အတွက်လဲ ကျွန်တော် စိတ်မကူးထားပါဘူး။

ဘယ်လိုလုပ်ရင် ချမ်းသာလာမယ်ဆိုတဲ့ စကားကို လူတိုင်းပြောတတ်ပါတယ်။ လွယ်လွယ်လေးပါ။ ကြိုးစား။ ဝီရိယရှိပေါ့။ ဒါပေမယ့် ကြိုးစားတိုင်းမချမ်းသာနိုင်ပါဘူး။ ဘာလို့ပါလဲ။ အကြောင်းရင်းကတော့ တကယ် မချမ်းသာချင်သေးလို့ပါ။ ချမ်းသာချင်တဲ့လူဟာ အမြဲတမ်း ချမ်းသာမယ့်နည်းလမ်းကို ရှာဖွေနေတတ်ပါတယ်။ ချမ်းသာချင်တဲ့လူဟာ တစ်ချိန်လုံး ချမ်းသာဖို့ ချမ်းသာဖို့ဆိုတဲ့ စိတ်ကို ထည့်ထားရပါတယ်။ တစ်နည်းအားဖြင့် အဲ့ဒီအပေါ်မှာ အရမ်းအာရုံစိုက်ထားရပါတယ်။ ခိုင်မာတဲ့စိတ်နဲ့ ငါရဲ့ ပန်းတိုင်က ဝင်ငွေဘယ်လောက်ရဖို့ဆိုပြီး ပန်းတိုင်အသေးလေးတွေထားရပါတယ်။ မှန်းထားတဲ့ ငွေပမာဏရောက်တဲ့အခါ နောက်ထပ်ပန်းတိုင်တစ်ခုကို ဆက်လက်ဖော်ဆောင်ရပါတယ်။ အဲဒီလို ပန်းတိုင်လေးတွေ အများကြီးကို ဖြတ်ကျော်ပြီးမှ အောင်မြင်မှုဆီကို ရောက်ပါတယ်။

Billionarie ဖြစ်အောင် ဘယ်လိုလုပ်မလဲလို့ ပြောတဲ့နေရာမှာ ကျွန်တော် Bill Gates၊ Mark Zuckerberg တို့ကို မရည်ညွှန်းပါဘူး။ အလားတူ Justin Bieber ကိုလဲ မရည်ညွှန်းပါဘူး။ သူတို့က ထူးခြားတဲ့လူသားတွေဖြစ်ပါတယ်။ ထို့အတူ ထီပေါက်ပြီး ချမ်းသာသွားတဲ့လူတွေကိုလဲ မရည်ညွှန်းပါဘူး။ ဒါက ကံနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော် ဥပမာပြချင်တာကတော့ တရုတ်နိုင်ငံကို Alibaba ကို တည်ထောင်ခဲ့တဲ့ Jack Ma လိုပေါ့ဗျာ။ တခြားလူတွေအများကြီးရှိပေမယ့် ကျွန်တော်မပြောတော့ပါဘူး။ www.Forbes.com မှာ ရှာဖွေလေ့လာနိုင်ပါတယ်။

Jack Ma ဘာလို့ ချမ်းသာလာခဲ့သလဲ။ ကျွန်တော်သိသလောက်ကတော့ နဂိုကတည်းက ချမ်းသာကြွယ်ဝခဲ့သူမဟုတ်ပါဘူး။ စာဖတ်သူတို့ထက် IQ ပိုမြင့်တဲ့လူတစ်ယောက်လဲမဟုတ်ပါဘူး။ ဟုတ်ကဲ့။ အဓိကကတော့ ချမ်းသာချင်စိတ်ရှိလို့ပါပဲ။ ဘယ်လိုအခက်ခဲပဲရှိပါစေ။ ချမ်းသာချင်တယ်။ ချမ်းသာအောင် အမြဲကြံဆောင်နေတယ်။ ဒါကြောင့်ပဲ ချမ်းသာခဲ့တာပါပဲ။ ကဲ ကျွန်တော်တို့ Millionaire, Billionaire တွေ ဖြစ်လာအောင် ဘယ်လို လုပ်ကြမလဲ လေ့လာကြည့်ရအောင်။



၁။ ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခုတည်ဆောက်ပါ။

အဓိက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဓားတောင်ကျော်ပြီး မီးပင်လယ်ကို ကျော်ဖြတ်ဖို့က လွယ်ချင်လွယ်ပါလိမ့်မယ်။ ခိုင်မာတဲ့စိတ်ကို တည်ဆောက်ဖို့က ခက်ခဲပါတယ်။ အခုခေတ်လူငယ်တွေကို မြင်ရသလောက်က လုပ်မယ်လို့တွေးလိုက်တယ်။ စလုပ်ကြတယ်။ တစ်ရက်နှစ်ရက် အလွန်ဆုံးတစ်လပေါ့။ လုပ်ပြီးပြီဆိုရင် ဆက်မလုပ်ကြတော့ဘူး။ နောက်မှ။ နောက်မှနဲ့ နောက်ရွှေ့တတ်ကြတယ်။ များသောအားဖြင့်ပေါ့။ တကယ်ပဲ ချမ်းသာချင်သလား။ တကယ်ကြိုးစားနိုင်သလားဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခုကို အရင် ပုံသွင်းဖော်ဆောင်လိုက်ပါ။



၂။ ပန်းတိုင်တစ်ခုတည်ဆောက်ပါ။

စိတ်ဓာတ်ကို ပြင်ဆင်ပြီးပြီ။ ငါကျိန်းသေပေါက် ကြိုးစားတော့မယ်လို့ သေချာသွားပြီဆိုရင်တော့ ဒုတိယအချက် အနေနဲ့ ပန်းတိုင်ကို တည်ဆောက်ပါ။ ဥပမာ ငါငါးနှစ်အတွင်း ငွေကြေး သိန်းတစ်ထောင် ပိုင်ဆိုင်ရမယ်။ ငါ အသက် ၃၀ ပြည့်ရင် ငါ့လက်ထဲမှာ ငွေ သိန်းတစ်သောင်းပိုင်ဆိုင်ရမယ် စသဖြင့်ပေါ့။ ပန်းတိုင်လို့ပြောတဲ့နေရာမှာ မြင့်မြင့်မှန်းတာကိုတော့ သဘောကျပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာကိုတော့ မတွေးပါနဲ။ ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေပေါ်မူတည်ပြီး ဖြစ်နိုင်တာကိုပဲ စဉ်းစားပါ။



၃။ ဘဏ္ဏာရေး အစီအစဉ်ရေးဆွဲပါ။

ဘဏ္ဏာရေးဆိုလို့ လန့်မသွားပါနဲ့။ လူရှိန်အောင်၊ စကားလှအောင်သုံးလိုက်တာပါ။ ရိုးရိုးရှင်းရှင်းလေးပါ။ "အခုလက်ရှိ ဝင်ငွေ ဘယ်လောက်ဝင်ပြီး၊ ထွက်ငွေဘယ်လောက်ရှိလဲ" ဆိုတာ လေ့လာမှတ်သားရမှာပါ။ အဲ့ဒီလို လေ့လာခြင်းအားဖြင့် မိမိဘယ်နေရာမှာ အပိုငွေ သုံးနေမိတယ်ဆိုတာ မိမိကိုယ်တိုင် သိရှိမှာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ဖုန်းဘေအလွန်အကျွံသုံးနေမိတာမျိုးတွေ ဘာတွေပေါ့။ ဘဏ္ဏာရေး အစီအစဉ်ရေးဆွဲခြင်းဟာ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ရေဘယ်လောက်ထည့်ထည့် အိုးကပေါက်နေရင် အိုးထဲ ရေဘယ်ကျန်ပါ့မလဲဗျာ။

ဘဏ္ဏာရေး အစီအစဉ်ရေးဆွဲတဲ့အခါ မဖြစ်မနေသုံးရမဲ့ငွေကြေးကို အဓိက ရေးဆွဲပါ။ မိမိရဲ့ အသုံးစရိတ်ကို လေ့လာပြီးတဲ့အခါ ကျွန်တော်တို့ ပထမ အံ့အားသင့်မိပါလိမ့်မယ်။ နောက် ဝမ်းနည်းမိပါလိမ့်မယ်။ ငါ မကုန်သင့်တာတွေ သုံးမိလေခြင်းဆိုပြီး။ ကျွန်တော်ကိုယ်တိုင် အရင်က လုပ်ဖူးခဲ့လို့ပါ။ ဘာဖြစ်ဖြစ် အတိတ်ဆိုတာ အရေးမကြီးပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကသာ အရေးကြီးပါတယ်။



၎။ ပန်းတိုင်သေးသေးလေးတွေသတ်မှတ်ပါ။

ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင် အကြီးကြီးကိုတော့ သတ်မှတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ပန်းတိုင် သေးသေးလေးတွေတော့ မသတ်မှတ်ရသေးပါဘူး။ ကိုယ့်ဝင်ငွေ၊ ထွက်ငွေကိုလဲ သိပြီးပြီဆိုတော့ ပန်းတိုင်သေးသေးလေးတွေ စဆွဲလို့ရပါပြီ။ ဥပမာ ငါနှစ်လအတွင်းမှာ ဘယ်လောက်ရအောင်စုမယ်ဆိုတာမျိုးပေါ့



၅။ မိမိစုဆောင်းငွေကို လုံးဝထုတ်မသုံးပဲ၊ တိုးပွားအောင်လုပ်ဆောင်ပါ။

ကျွန်တော်တို့ တစ်လကို နှစ်သိန်းဖြစ်ဖြစ် ပန်းတိုင်းသေးသေးလေးတွေ သတ်မှတ်ပြီး စုဆောင်းခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီငွေကို လုံးဝမထိဖို့ ပိုအရေးကြီးပါတယ်။ တကယ့်အရေးပေါ်ကိစ္စတွေပေါ်လာခဲ့ရင်တောင် လုံးဝမသုံးမိပါစေနဲ့။ အဲ့ဒီအတွက် မိမိစုဆောင်းငွေတိုးပွားလာအောင် လုံးဝမထိဖြစ်အောင် saving အကောင့်ဖွင့်ပြီး ဘဏ်မှာ အပ်နှံထားတာ အကောင်းဆုံးပါပဲ။ 
တစ်လကို ၈ ကျပ်တိုးပေးတဲ့ဘဏ်မှာ ကျွန်တော်တို့ တစ်သိန်းအပ်နှံထားမယ်ဆိုရင် တစ်နှစ်ပြည့်တဲ့အခါ တစ်သိန်းရှစ်ထောင်နှစ်ရာကိုးဆယ့်ကိုးကျပ် ရပါမယ်။ အဲ့ဒီပိုက်ဆံကို ထပ်လဲမဖြည့်၊ ထုတ်လဲမသုံးခဲ့ဘူးဆိုရင် ဆယ်နှစ်ပြည့်တဲ့အခါ နှစ်သိန်းနှစ်သောင်းတစ်ထောင်ကိုးရာခြောက်ဆယ့်လေးကျပ် ဖြစ်သွားပါမယ်။ ဒါက ယေဘုယျ တွက်ပြတာပါ။ တကယ်လို့သာ လတိုင်းပုံမှန် တစ်သိန်းစုဖြစ်ခဲ့မယ်ဆိုရင် ၁၈,၅၁၆,၅၆၇ ကျပ် ရရှိမှာဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့စုငွေကို တိုးပွားအောင် ပြုလုပ်နည်းပဲဖြစ်ပါတယ်။ saving account နဲ့ပတ်သက်ပြီး ဘယ်လောက် ငွေသိမ်းထားရင် ဘယ်လောက်ပြန်ရမယ်ဆိုတာ http://www.bankrate.com/calculators/savings/simple-savings-calculator.aspx မှာ တွက်ကြည့်လို့ရပါတယ်။



၆။ ဝင်ငွေတိုးတက်လာဖို့ အာရုံစိုက်လုပ်ဆောင်ပါ။

မိမိရဲ့ဝင်ငွေကို တိုးတက်သည်ထက်တိုးတက်လာအောင် လုပ်ဆောင်ပါ။ ဒီလိုတိုးတက်လာဖို့ဆိုရင် အခွင့်အလမ်းကို တွေ့အောင်ရှာ၊ မိအောင်ဖမ်း၊ ရအောင်လုပ်ပါ။ ဒီအဆင့်က နည်းနည်းခက်ခဲပါတယ်။ လစာပုံမှန်တစ်သမတ်တည်းရနေသူတွေအတွက် ပိုပြီးခက်ခဲပါတယ်။ များသောအားဖြင့် လစာက ရပ်တန့်နေတတ်လို့ အလုပ်ပြောင်းသွားကြတာများပါတယ်။ တခြားနိုင်ငံတွေမှာတော့ အလုပ်တစ်ခုတည်းမှာ ပင်စင်ရသည်ထိလုပ်ဆောင်ကြပြီး ချမ်းသာသွားကြတာ များပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလိုမှာတော့ အဆင်သိပ်မပြေပါဘူး။ 
ဒီတော့ စုဆောင်းငွေကို နှစ်ပုံပုံမှ ဖြစ်ပါမယ်။ (သုံးစွဲရမည့်ငွေ၊ တစ်စုံတစ်ခုဖြစ်လျှင် ကုသရန်ငွေ စသည်တို့မပါပါ။) တစ်ပုံကို ငွေသေ၊ ထုတ်သုံးလို့မရတဲ့ ငွေအနေနဲ့ ထားပြီး၊ နောက်တစ်ပုံကတော့ ရင်းနှီးမြှုပ်နှံဖို့ စုဆောင်းရမယ့်ငွေဖြစ်ပါတယ်။ ဝက်ဆိုဒ်တစ်ခုရဲ့ အကြံပေးမှုမှာတော့ မိမိဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ကို ရင်းနှီးမြှုပ်နှံပြီး၊ ငါးရာခိုင်နှုန်းကို saving မှာ သိမ်းဆည်းဖို့ အကြံပေးထားပါတယ်။ ဒါကတော့ မိမိငွေပမာဏပေါ်မူတည်ပြီး အစီအစဉ်ရေးဆွဲရမှာဖြစ်ပါတယ်။



၇။ မိမိစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ဖို့ လက်မနှေးပါနဲ့။

ဂျက်မားအပါအဝင် တခြား ချမ်းသာကြွယ်ဝနေသူတော်တော်များများဟာ စွန့်ဦးတီထွင်ဖို့ စိတ်ကူးရှိခဲ့ကြလို့ပါ။ မိမိကိုယ်မိမိ သူဌေးအနေနဲ့ပဲ တွေးပါတယ်။ သူများအလုပ်မှာ ဝင်လုပ်နေပေမဲ့ နောင်တစ်ချိန်မှာ ကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့ မိမိပိုင်လုပ်ငန်းလို သဘောထားပြီး လုပ်ဆောင်ပါ။ ဒါမှ မိမိ နောင်တစ်ချိန် ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်တဲ့အခါ အခက်အခဲမရှိမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလဲ ကိုယ်တိုင် အခွင့်အလမ်းကို ရှာဖွေနေဖို့မမေ့ပါနဲ့။ 
လက်ရှိမှာဆို တော်တော်များများက ဖေ့ဘုတ်ခေတ်စားလာမှုနဲ့အတူ အွန်လိုင်းရှော့ပင်းလို့ခေါ်တဲ့ အွန်လိုင်းကနေတဆင့် ဈေးရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ မိမိလက်ရှိလုပ်နေတဲ့အလုပ်လဲမပျက်၊ တစ်ဖက်ကလဲ ဝင်ငွေရ ဆိုသလိုပေါ့။ တကယ်လို့ စိတ်ကူးတစ်ခုခု ရခဲ့ပြီဆိုရင် လက်တွေ့အကောင်အထည်ဖော်ပါ။ ကျရှုံးမှာ၊ ဆုံးရှုံးမှာကို မကြောက်ပါနဲ့။



၈။ ကိုယ့်ကိုကိုယ်တိုးတက်အောင်နေပါ။

အချိန်တိုင်းမှာ မိမိကိုယ်မိမိ တိုးတက်အောင်လုပ်ပါ။ လုပ်ငန်းခွင် ကျွမ်းကျင်မှု၊ ပြင်ပအသိဥာဏ်တိုးပွားမှုရှိအောင် ကြိုးစားပါ။ အကြံပေးချင်တာကတော့ တစ်နေ့တစ်နာရီလောက် စာဖတ်ပါ။ စာဆိုတဲ့နေရာမှာလဲ ဗဟုသုတတိုးပွားမယ့်စာ၊ မိမိလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ စာမျိုးကို ဆိုလိုပါတယ်။ ဖေ့ဘုတ်ပေါ်က သတင်းတွေပုံမှန်ဖတ်တယ်လို့ ဖြေပါလိမ့်မယ်။ ဟုတ်ကဲ့ ဒါကလဲ တစ်မျိုးပေါ့။ အဲ့ဒီလိုမဟုတ်ပဲ တခြားချမ်းသာသူတွေရဲ့ အကြောင်း ရေးထားတဲ့စာမျိုးတွေ ဖတ်သင့်ပါတယ်။ ဒါမှ သူတို့ ဘယ်လို ဖြစ်ခဲ့ဖူးလဲ၊ ဘယ်လိုရှုံးနိမ့်ဖူးလဲ၊ ဘယ်လို ပြန်လည်ထူထောင်ခဲ့လဲ စသဖြင့် အတွေ့အကြုံရမှာ ဖြစ်ပါတယ်။ 
တစ်ချို့အတွေ့အကြုံတွေက ကိုယ်တိုင်ယူတာထက် သူများဆီက လက်ခံရရှိတာက ပိုပြီး သက်သာပါတယ်။ ဥပမာ နိုင်ငံခြားပို့ပေးမယ်ဆိုပြီး ငွေလိမ်ယူသွားတယ်ဆိုပါတော့။ ကိုယ်တိုင် အလိမ်ခံခဲ့ရမယ်ဆိုရင် ဘယ်လိုမှ နလန်မထူနိုင်လောက်အောင် ဆိုးရွားတဲ့ကိစ္စကြီးပါ။ ကျွန်တော်တော့ ကိုယ်တိုင်ကြုံပြီး အတွေ့ကြုံမယူချင်ပါဘူး။ ဒါက လက်ရှိအားလုံးနားလည်လွယ်အောင် ဥပမာရိုးရိုးလေး ပြတာပါ။ တခြားဥပမာတွေဆိုတာ ကြုံတွေ့ခဲ့ဘူးတဲ့လူတွေဆီမှာ အများကြီးမှ အများကြီး။ ကိုယ်သာ တကယ်လို့ စာထဲကြိုဖတ်ခဲ့ဖူးမယ်ဆိုရင် လူလိမ်နဲ့တွေ့ခဲ့ရင်တောင် ဒါလိမ်နေတာလား၊ တကယ်လားဆိုတာ စဉ်းစားနိုင်မှာဖြစ်ပါတယ်။



၉။ အကြွေးတင်မခံပါနဲ့

အကြွေးတင်မခံပါနဲ့ဆိုရာမှာ လုပ်ငန်းလုပ်ဆောင်ဖို့ အကြွေးမယူနဲ့လို့ပြောတာမဟုတ်ပါဘူး။ နိုင်ငံခြားမှာ နေထိုင်သူတွေက ပိုသိပါတယ်။ ဘာလို့ဆို မြန်မာမှာတော့ ခရစ်ဒစ်ကတ်က ခေတ်မစားသေးလို့ပါ။ အကြွေးနဲ့ နာရီဝယ်တာတွေ၊ အိုင်ဖုန်းဝယ်တာတွေ စသဖြင့် ဇိမ်ခံပစ္စည်း ဝယ်ယူခြင်းတွေ မလုပ်သင့်ပါဘူး။ ချမ်းသာချင်တဲ့သူက အကောင်းစားတွေပဲ ကိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်တစ်ချို့မှာ ရှိပါတယ်။ ဒါပေမယ့် မဖြစ်သင့်ပါဘူး။ ချမ်းသာချင်တဲ့သူဟာ ချမ်းသာဖို့ကိုပဲ အာရုံစိုက်နေရပါမယ်။ ဇိမ်ခံဖို့ မတွေးပါနဲ့။ ချမ်းသာလာတဲ့အခါ ဇိမ်မခံချင်ဘူးဆိုရင်တောင် ဇိမ်ခံရမှာပါ။ ဥပမာတစ်ခုပြရရင် မင်္ဂလာဆောင်သလိုပေါ့။ မင်္ဂလာမဆောင်ခင် အတူနေဖူးတဲ့သူတွေက မင်္ဂလာဆောင်တယ်ဆိုတာ စိတ်လှုပ်ရှားစရာ မကောင်းတော့ပါဘူး။ အတူနေဖူးပြီးပြီဖြစ်လို့ မင်္ဂလာဆောင်ဖို့ကို အားသွန်ခွန်စိုက် ကြိုးစားနေတော့မှာ မဟုတ်ပါဘူး။

၁၀။ ချမ်းသာတဲ့ဒုက္ခကို ခံနိုင်ရည်ရှိပါစေ
ချမ်းသာတဲ့ဒုက္ခဆိုတာကို လူတော်တော်များများက ရယ်ကြပါလိမ့်မယ်။ ငွေနည်းနည်းရှိလာတဲ့အခါ လူတွေက မိမိစိတ်ကို ထိန်းသိမ်းရခက်လာပါတယ်။ စိတ်ကို ချုပ်တီးဖို့ခက်ခဲလာပါတယ်။ အသုံးစရိတ်လဲ များလာတတ်ပါတယ်။ မမေ့ပါနဲ့။ မိမိရည်ရွယ်ချက်က ဘယ်လိုဖြစ်လာဖို့ဆိုတာ။ အမြဲ သတိပေးနေပါ။ ဘဝမြင့် အောက်ခြေလွတ်သွားခဲ့ရင် ရည်ရွယ်ချက်အောင်မြင်မှာ မဟုတ်ပါဘူး။

0 comments:

Post a Comment