Friday, October 13, 2017

ညီမလေးရေ...

ယနေ့ခေတ် သန္ဓေတားဆေးတွေပေါများလာမှုနဲ့အတူ မြန်မာလူငယ်တွေကြားမှာ Living together ဆိုတဲ့ စကားလုံးဟာလဲ ခေတ်စားလာပါတယ်။ အရင်ခေတ်တွေမှာတော့ ကျူးလွန်မိရင် ယူဖြစ်သွားကြတာပါပဲ။ ယနေ့ချိန်ခါမှာတော့ ဘယ်ဆိုင်မှာ ဝယ်ဝယ်ရနေတဲ့ ပဋိသန္ဓေတားဆေးတွေနဲ့အတူ တိုးတက်ခေတ်မီလာတဲ့ အတွေး အခေါ်တွေကြောင့် လွန်ကျူးမိတိုင်း လက်ထပ်ဖို့မလိုလောက်အောင် ဖြစ်နေပါပြီ။
ယနေ့ခေတ်လူငယ်တွေကို ခွဲခြမ်းကြည့်တဲ့အခါ ဆယ်တန်းမအောင်ခင်စပ်ကြားလူငယ်တွေက ခိုးပြေးတတ်ကြပြီး၊ တက္ကသိုလ်ဝန်းကျင်က လူငယ်တွေကတော့ ခေတ်စကားနဲ့ပြောရရင် ခိုးစားကြတာ များပါတယ်။ ကာမေသုမိစ္ဆာဆိုတာ ဘုရားရှိခိုးချိန်မှာ ဆိုရတဲ့ စာတစ်ခုဖြစ်လာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ယူဖြစ်ကြရင်တော့ ကောင်းပါရဲ့။ မယူဖြစ်ရင် နှစ်ဖက်စလုံးနစ်နာပါတယ်။ ဒါကြောင့် လက်မထပ်ခင် မကျူးလွန်ဖို့ ကျူးလွန်ပြီးရင်လဲ မဖြစ်မနေယူကြဖို့ တိုက်တွန်းချင်ပါရဲ့။
ယနေ့ခေတ်မှာ ကုန်ဈေးနှုန်းတွေက အလွန်ကြီးမြင့်လာပါတယ်။ ထို့အတူ မြန်မာနိုင်ငံကလဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲ ပါဝင်နေပါတယ်။ အိမ်တစ်လုံးဝယ်ဖို့ထားလို့ တိုက်ခန်းတစ်ခန်းဝယ်ဖို့တောင် မလွယ်ကူတော့တဲ့ ခေတ်မှာ လက်ထပ်ဖို့ ကြောက်ရွံ့တယ်ဆိုတာလဲ သိပ်တော့ ဆန်းကြယ်တဲ့ကိစ္စမဟုတ်ပါဘူး။ မိမိတစ်ကိုယ်စာတောင် တာဝန်ယူဖို့ ခက်ခဲနေချိန်မှာ လူတစ်ယောက်ကို လက်ထပ်ဖို့ဆိုသည်မှာ တော်တော်ကို စွန့်စားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ခေတ်ပျက်ကြီးမှာ မိန်းကလေးများ မနစ်နာရအောင် အကြံဥာဏ်လေးတွေ ပေးချင်ပါတယ်။

မိမိကိုယ်ကို တန်ဖိုးထားပါ။
မိမိချစ်သူကို ဘယ်လောက်ချစ်ချစ် ခွင့်မပြုမိအောင် ကြိုးစားကြပါ။ အတူနေထိုင်မိတဲ့အခါ နှစ်ဘက်လုံး နစ်နာရတယ်ဆိုပေမဲ့ မိန်းကလေးဘက်က ပိုမို နစ်နာရတာပါ။ ထို့ကြောင့် မိမိ အပျိုစင်ဘဝကို တန်ဖိုးထားခြင်းဖြင့် မိမိ တန်ဖိုးမြှင့်တင်ပါ။

လက်ထပ်စာချုပ်ချုပ်ဆိုပါ။
ဘယ်လိုဖြစ်ဖြစ် အဆင်မပြေတော့တဲ့အခါ လက်ထပ်စာချုပ်ကို ချုပ်ဆိုပါ။ လူတွေမသိအောင်တောင် အတူနေဖို့ဖြစ်နိုင်သေးတာပဲ။ လူကြီးတွေ မသိအောင် လက်ထပ်စာချုပ်ချုပ်ဆိုဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါ။ လက်ထပ်စာချုပ် ချုပ်တယ်ဆိုတာ ရှက်စရာကိစ္စတစ်ခု မဟုတ်ပါ။ တကယ်လို့ လက်ထပ်စာချုပ်ချုပ်ဖို့ ရှက်နေတယ်ဆိုရင် ဘာလို့ အတူနေမှာပါလဲ။ အတူနေတယ်ဆိုတာ လူတွေသာ သိသွားခဲ့ရင် ဘယ်လောက် ရှက်စရာကောင်းလိမ့်မလဲဆိုတာ တစ်ကြိမ်လောက် စဉ်းစားကြည့်ပါ။ လက်ထပ်စာချုပ်ချုပ်ဆိုထားခြင်းအားဖြင့် လူတွေမသိတောင် တရားဝင် လက်ထပ်ပြီးဖြစ်တယ်ဆိုတာ ငြင်းဆိုလို့ မရပါဘူး။ နောက်တစ်ချက်က မိမိကို အပျော်ကြံမည့်ယောကျာ်းလေးများဟာ အဲ့ဒီလို လက်ထပ်ဖို့ကို ငြင်းဆန်ပြီး ထွက်ပြေးမှာ သေချာပါတယ်။ ဥပဒေအရလဲ မိမိဘက်က အကာအကွယ်ရရှိပြီး ဖြစ်နေပါတယ်။ မတော်တဆ လူတွေသိသွားခဲ့ရင်တောင် လက်ထပ်ပြီးသားမို့ အတူနေတယ်ဆိုပြီး လက်ဆုပ်လက်ကိုင် ပြလို့ရပါတယ်။ လက်ထပ်စာချုပ်ချုပ်ဆိုခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ပါ။

မီးယပ်သားဖွားဆရာဝန်ကို တိုင်ပင်ပါ။
လူမသိအောင် အတူနေဖို့ မရှက်ကြပါဘူး။ ဒါပေမယ့် လက်ထပ်ဖို့၊ မီးယပ်သားဖွားဆရာဝန်ကို တိုင်ပင်ပြီး သန္ဓေတားနည်းဆွေးနွေးဖို့တော့ အရမ်းရှက်ကြပါတယ်။ တကယ်ဆို မရှက်သင့်တဲ့ ကိစ္စမှ ရှက်နေကြခြင်း၊ တစ်နည်းအားဖြင့် တလွဲအရှက်လို့ပြောရမှာပါ။ မြန်မာနိုင်ငံမှ တရားမဝင် သန္ဓေတားဆေးများ (Ecee 2 နှင့် အခြားဆေးဝါးများ) ဟာ ဘေးထွက်ဆိုးကျိုးအလွန်များပါတယ်။ မြန်မာနိုင်ငံနဲ့ တခြားမဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုံးဝမသုံးကြပါဘူး။ ဆရာဝန်ရဲ့ ခွင့်ပြုချက်မရှိပဲ ဝယ်ယူလို့လဲ မရပါဘူး။ ထိုဆေးဝါးများကို သုံးစွဲခြင်းအားဖြင့် သန္ဓေသားမရခြင်း၊ သားအိမ်ကင်ဆာနှင့် တခြား မိန်းကလေးရောဂါ အများအပြားဖြစ်စေပါတယ်။ ဒါကြောင့် မီးယပ်သားဖွားဆရာဝန်ကို သေချာစွာ တိုင်ပင်ပြီးမှ လိုအပ်တဲ့၊ အသုံးပြုသင့်တဲ့ ဆေးဝါးကို သုံးစွဲပါ။

ဗီဒီယိုအရိုက်မခံပါနှင့်။
အင်တာနက်ခေတ်စားနေချိန်မှာ အင်တာနက်ပေါ် အတူနေတဲ့ ဗီဒီယိုတွေတက်လာတာလဲ တွေ့မြင်ကြမှာပါ။ ဘယ်လောက်ချစ်ချစ် ဗီဒီယို အရိုက်မခံပါနဲ့။ မိမိဘက်က ချစ်လွန်းလို့ အတူနေဖို့ ခွင့်ပြုပြီးပြီပဲ။ ဖုန်းနဲ့ ဗီဒီယိုရိုက်ခြင်းဟာ တကယ်ကို အန္တရာယ်များတဲ့ကိစ္စဖြစ်ပါတယ်။ ဗီဒီယိုကို ပြန်ဖျက်ခဲ့တယ်ဆိုရင်တောင် ပြန်လည်ရယူလို့ရတဲ့နည်းပညာတွေ အများကြီးရှိပါတယ်။ ထိုဖုန်းပျက်၍ ဖုန်းပြင်ဆိုင်ပို့ရသည်ဆိုပါစို့။ ဖုန်းပြင်ဆိုင်မှ ဝန်ထမ်းကလည်း ထိုနည်းပညာကို သိနေခဲ့မည်ဆိုလျှင် မိမိတို့သာ အရှက်ကွဲရမည်ဖြစ်သည်။ ထို့ကြောင့် ယောကျာ်းလေးများရော၊ မိန်းကလေးများရော ထိုကိစ္စကို လက်တည့်မစမ်းကြဖို့၊ မပြုလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

လုံခြုံသောနေရာမှာသာ ခွင့်ပြုပါ။
ကိုယ်က လူမသိအောင် လုပ်နေတဲ့ ကိစ္စပဲ။ ဘာလို့ လူမြင်ကွင်းမှာ လုပ်မှာလဲ။ (ပန်းခြံနှင့် ရုပ်ရှင်ရုံများ၊ အခြား လူရှင်းသော နေရာများ) မိမိတို့နှစ်ယောက်သာ သိသင့်သည့်ကိစ္စကို နှစ်ယောက်တည်း အတူနေနိုင်တဲ့ လုံခြုံတဲ့ အခန်းမှာသာ ပြုလုပ်သင့်ပါတယ်။

ယောကျာ်းလေးများအနေနဲ့လည်း တကယ်မချစ်ဘဲ အတူနေချင်ရုံနှင့် ပန်းကောင်းအညွန့်ချိုး မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ယောကျာ်းကောင်းဆိုတာ ကိုယ့်ချစ်သူအပေါ်မှာ စောင့်ထိန်းသင့်ပါတယ်။ မစောင့်ထိန်းနိုင်ရင်တောင် လက်ထပ်ဖို့ကြိုးစားပါ။ မိမိချစ်သူကို ဘယ်လောက် မြတ်နိုးတယ်ဆိုတာ မိမိချစ်သူအပေါ် စောင့်ထိန်းနိုင်မှုပေါ် မူတည်ပါတယ်။ မစောင့်ထိန်းနိုင်ခဲ့ရင်၊ လက်ထပ်ဖို့လဲ မဖြစ်နိုင်သေးရင် လက်ထပ်စာချုပ်ချုပ်ဖို့ တောင်းဆိုပါ။ ဘယ်လိုဖြစ်ဖြစ် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး အတူနေတယ်ဆိုတာ ခိုးပြေးတာနဲ့ သိပ်တော့ မခြားနားပါဘူး။ ဥပဒေအရလဲ လက်ခံလို့ရပါတယ်။ မိန်းကလေးသိက္ခာလဲ နည်းနည်း အဖတ်ဆည်လို့ရပါသေးတယ်။ ဒါကြောင့် အတူနေထိုင်မယ်လို့ တွေးပြီးပြီဆိုရင် လက်ထပ်စာချုပ်ချုပ်ဆိုထားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါရစေ။
(ESMyanmar Group)

0 comments:

Post a Comment