Sunday, October 15, 2017

ဓမ္မာသောက အင်းဝရာဇာ

ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ဆိုတဲ့ စကားရှိပါတယ်။ ဓမ္မာ- စနေနဲ့ ကြာသပတေး၊ သောက- သောကြာနဲ့ တနင်္လာ၊ အင်းဝ- တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဇာ- ရာဟုနဲ့ အင်္ဂါ မင်္ဂလာမပြုအပ်၊ မရွေးချယ်အပ်လို့ ဆိုထားပါတယ်။ တစ်ချို့ကလဲ ဓမ္မာသောက အင်းဝရာဇာဆိုတာ သက်ရောက်ဂြိုလ်တွေနဲ့ ပတ်သက်ပြီး ဟောတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအဆိုကိုတော့ စာရေးသူ လက်မခံပါဘူး။ ဗေဒင်ကျမ်းတွေကို လိုက်လံ ဖတ်ရှုကြည့်တဲ့အခါ အိမ်ထောင်နဲ့ ပတ်သက်ပြီး ရေးထားတာပဲ တွေ့ရပါတယ်။ ဒါ့အပြင် တနင်္လာနဲ့ တနင်္လာ၊ အင်္ဂါနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ဗုဒ္ဓဟူး စသဖြင့် နေ့တူနံတူတွေချင်းလဲ လက်မထပ်သင့်ဘူးလို့ ဆိုထားပါတယ်။
သီတင်းကျွတ်ကာလ ကျော်လွန်လာပြီမို့ မင်္ဂလာဆောင်ကြပါတော့မယ်။ အဲ့ဒီလို မင်္ဂလာဆောင်တဲ့အခါမှာလဲ မကောင်းခြောက်လ ကောင်းခြောက်လဆိုပြီး ရှိပြန်ပါတယ်။ တစ်ချို့ကလဲ မင်္ဂလာဆောင်မယ်ဆိုရင် သုံးလပဲ ကောင်းမွန်တယ်လို့ ဆိုထားပြန်ပါတယ်။
ရှေးထုံးတွေမပယ်ရသလို မြန်မာစကားမှာ ဥပါဒ်ဒါဏ်ကြောင့် ဥပါဒ်ရောက်ဆိုတဲ့ စကားလည်းရှိပါတယ်။ ဆိုလိုတာက အဲ့ဒီလို နေ့နံတွေရှောင်၊ လက်ထပ်မယ့်ကာလကို သေချာရွေးချယ်ပြီး ကောင်းမွန်တဲ့လမှာ လက်ထပ်ရုံနဲ့ အိမ်ထောင်မကွဲတော့ဘူးလား။ အစစအရာရာ အကုန်အဆင်ပြေသွားရောလားဆိုတာပါ။ ဒီလိုဆိုရင်တော့ စာရေးသူ အကြံပေးချင်ပါတယ်။ လူတစ်ယောက်ကို စိတ်ဝင်စားမိပြီဆိုရင် အရင်ဆုံး နာမည်မေး၊ နေ့နံမေးပြီး ဗေဒင်ဆရာဆီပြေးပြီး တွက်ချက်လိုက်ပါဦး။ နေ့နံ အဆင်ပြေတယ်ဆိုမှ ကျန်တာဆက်လုပ်ပေါ့။
အိမ်ထောင်တစ်ခုပြုပြီဆိုရင် အရေးကြီးဆုံးက နားလည်မှုပါ။ နောက်ထပ်အရေးကြီးဆုံးက သစ္စာရှိဖို့ပါ။ လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့ စကားလဲ ရှိပါတယ်။ လင်ရယ် မယားရယ်ဖြစ်လာပြီဆိုရင် ရန်မဖြစ်ဘူးဆိုတာ မရှိပါဘူး။ မောင်နှမတွေတောင် ရန်ဖြစ်ကြသေးတာပဲဗျာ။ သွေးမတော် သားမစပ်၊ ချစ်တယ်ဆိုတာလေးတစ်ခုတည်းနဲ့ လက်ထပ်ထားရတာလေ။
အိမ်ထောင်တစ်ခုမြဲဖို့ဆိုတာ နေ့သင့်နံသင့်ဖြစ်ဖို့ထက် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိဖို့၊ ပြသနာဖြစ်တဲ့အခါ တစ်ဦိးနဲ့တစ်ဦး ညင်ညင်သာသာ ဖြေရှင်းဖို့ အရေးကြီးပါတယ်။ ဒေါသဖြစ်မယ်ဆိုရင် အသက်ဝဝရှူပြီး စိတ်ကို အရင်ထိန်းလိုက်ပါဦး။ ဘယ်တော့မှ နာကျင်စေမဲ့စကားမျိုးတွေ အလွန်အကျွံမပြောမိပါစေနဲ့။ ဘယ်ေ်လာက်ပဲခွင့်လွှတ်နိုင်စေဦး။ နာကျင်စေတဲ့စကားကတော့ ဘယ်အချိန်မဆို မှတ်မိနေမှာပါ။ ရန်ဖြစ်တဲ့အချိန်ဆို အဲ့ဒီစကားတွေက စကားနာထိုးစရာ ဖြစ်လာမှာပါ။ အရွဲ့တိုက်ချင်စိတ်ပေါက်လာတဲ့အခါ အဲ့ဒီစကားတွေက တွန်းအားတွေဖြစ်လာမှာပါ။
လူနှစ်ယောက်ပေါင်းဖက်တယ်ဆိုတာ အတိတ်ဘဝက ရေစက်ကြောင့်ပါ။ လူနှစ်ယောက်ချစ်ဖို့ လက်ထပ်ဖို့ နေ့နံတွေမလိုပါဘူး။ လူနှစ်ယောက် လမ်းခွဲဖို့လဲ နေ့နံတွေမလိုပါဘူး။ ဥပါဒ်ဒါဏ်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်။ နေ့နံမသင့်သူတွေ လက်ထပ်ပြီး ပျော်ရွှင်စွာ ပေါင်းဖက်ပြီး ရိုးမြေကျ နေသွားကြတာလဲ ရှိပါတယ်။ ဒီလိုပဲ နေ့နံသင့်တွေပေါင်းဖက်ပြီး ကွဲကွာကြတာလည်း ဒုနဲ့ဒေးပါပဲ။
စာရေးသူပြောတာကို လက်မခံနိုင်ဘူးဆိုရင် တစ်ခါလောက်ပြန်တွေးကြည့်ပါ။ တကယ်လို့ မိတ်ဆွေမှာ ရည်းစား ဒါမှမဟုတ် အိမ်ထောင်ရှိတယ်ဆိုရင်ပေါ့။ မိမိရဲ့ အိမ်ထောင်ဖက်ကို နေ့နံနဲ့ ရွေးချယ်ခဲ့တာလားလို့။ ဒါမှ လက်မခံနိုင်ဘူးဆိုရင် ဗေဒင်ကျမ်းတွေကို သေချာပြန်ဖတ်ကြည့်ပါ။ စာဖတ်သူတကယ်ပဲ နေ့သင့်နံသင့်ကို ရွေးချယ်မိခဲ့ရဲ့လား။ စာဖတ်သူ လက်ထပ်ခဲ့တဲ့ နေ့ရက်ကရော မင်္ဂလာရှိတယ်ဆိုတဲ့ နေ့ရက်ထဲမှာ ပါဝင်နေလားဆိုတာကိုပါ။ ဗေဒင်ကျမ်းတွေကို သေချာလေ့လာကြည့်တဲ့အခါ မလုပ်ရဘူး တားမြစ်ထားတာတွေ တော်တော်များပါတယ်။ အိမ်ဆောက်တာကစ၊ နေထိုင်တဲ့အရပ် (တနင်္ဂနွေသားဆို အရှေ့ထောင့်) စသဖြင့် စည်းမျဉ်းတွေ အရမ်းများပါတယ်။
ဒါကြောင့် စာရေးသူ ပြောချင်တာကတော့ ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပဲလက်ထပ် လက်ထပ်၊ လက်ထပ်ပြီးရင် တစ်ဦးကို တစ်ဦး သစ္စာရှိပါ။ တန်ဖိုးထားပါ။ သမီးရည်းစားဘဝထက်ပိုပြီးတော့ ဂရုစိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တန်ဖိုးထားပြီး ချစ်မြတ်နိုးနေ၊ သစ္စာရှိနေမယ်ဆိုရင် ကျန်တာတွေအကုန် ကိုင်းကြီးကြီးမှာနားဆိုပြီး အဝေးဆုံးလွှင့်ပစ်ထားလို့ ရပါတယ်ဗျာ။
မိုးမြတ် (ရွှေပြည်)

0 comments:

Post a Comment