Sunday, October 15, 2017

ကျွန်တော်သာ သားသမီးရခဲ့လျှင်


ပထမဦးစွာ ကျွန်တော်တို့ ESMyanmar Group တစ်ဖွဲ့လုံးက လူပျိုလူလွတ်နုနုထွတ်ထွတ်လေးတွေဆိုတာတော့ ကြိုပြောထားပါရစေ :p. အိမ်ထောင်ပြုဖို့ ကိုယ်စီစိတ်ကူးရှိကြတဲ့လူငယ်တွေမို့ အိမ်ထောင်ရေးအကြောင်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတယ်။ အိမ်ထောင်တစ်ခုဖြစ်လာရင် ဘယ်လိုထိန်းသိမ်းပြီး အကောင်းဆုံးလုပ်ကြမလဲ ဆိုပြီးတော့ပေါ့။ အစကောင်းမှ အနှောင်းသေချာဆိုသလို ခုကတည်းက ကြိုတင်စီစဉ်ထားမှ အိမ်ထောင်ရေးသာယာမယ်လို့လဲ ယုံကြည်ကြလို့ ခုလို ဆွေးနွေးဖြစ်ကြတာပါ။ ကျွန်တော်တို့ လူငယ်တွေရဲ့ အတွေးအခေါ်တွေဖြစ်တာကြောင့်၊ အတွေ့အကြုံလဲမရှိတာမို့ မှားကောင်းမှားနိုင်ပေမယ့် အတွေးအမြင်လေးနည်းနည်းလောက် ရသွားရင်ပဲ ဒီပို့စ်ကို ရေးသားခွင့်ရလို့ ကျေနပ်မိမှာပါ။ ဇနီးသည်နဲ့အတူ လုပ်ဆောင်မှာတွေဖြစ်ပေမယ့် ဇနီးသည်လို့ ထည့်ထည့်ရေးရမှာ အာထောက်သလို၊အသုံးပြုရခက်နေတာမို့ ထည့်မရေးတော့ပါ။ လင်မယားနှစ်ယောက် အတူတကွ ပျိုးထောင်မယ်ဆိုတာကို ဖြည့်စွက်ပြီး ဖတ်ပေးစေလိုပါတယ်။

မိဘတိုင်းဟာ သားသမီးကို တိုးတက်စေချင်၊ ကြီးပွားစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ ကိုယ့်သားသမီးက ပညာတတ်ကြီးဖြစ်ပြီး ချမ်းသာကြီးပွားတာကိုပဲ မြင်ချင်ကြပါတယ်။ ဒါပေမယ့် ပြုစုပျိုးထောင်ပေးရာမှာကျတော့ ကျောင်းကိုအားကိုးကြပါတယ်။ ကျောင်းအပ်နိုင်ရင် ကျောင်းမှန်မှန်တက်နိုင်ရင် ပညာတတ်ကြီးတွေ ဖြစ်ပြီလို့ ယုံကြည်ကြတယ်။ ဆရာတွေကို အားကိုးတဲ့သဘောပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးဖို့တော့ အကြောင်းအမျိုးမျိုးကြောင့် လုပ်မပေးနိုင်ကြပါဘူး။

သားသမီးရခဲ့ရင် ပထမဆုံး ကျွန်တော့်အားလပ်ချိန်ထဲက နေ့တိုင်းတစ်နာရီ သားလေးကို (ကျွန်တော်က သားပဲလိုချင်ပါတယ်။ ဒါကြောင့် သားဆိုတဲ့ နာမ်စားကို အသုံးပြုပါမည်။) ကို အချိန်ပေးပါမယ်။ ဒါက အရေးကြီးဆုံးအလုပ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်နေ့မှာ တစ်နာရီလောက်မှ အချိန်မပေးနိုင်ရင် သားလေးဟာ ဖခင်ဆိုတဲ့ ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။ သူနဲ့အတူဆော့ပေးရင်း သူ့ကို စကားလေးတွေပြောရင်း သားလေးဟာ ဖခင်ဆိုတာကို နွေးထွေးရင်းနှီးနေပါလိမ့်မယ်။ တစ်နည်းအားဖြင့် ကျွန်တော်ဟာ ဖခင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကျွန်တော့်ရဲ့ စိတ်ဟာလဲ ခိုင်မာသွားပါလိမ့်မယ်။ အပေါင်းသင်းတွေခေါ်လို့ ဘီယာဆိုင်ထိုင်မိတာမျိုး၊ ကေတီဗွီသွားမိတာမျိုးတွေ အလိုလို ရှောင်မိပြီး ဖြစ်သွားပါလိမ့်မယ်။ တစ်နည်းအားဖြင့် မိသားစုဆိုတာကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ သားလေး သုံးနှစ်သားလောက်ရောက်လာခဲ့ရင် ကျွန်တော် ပုံပြင်တွေပြောပြပါမယ်။ သုံးနှစ်သားအရွယ်နားလည်လွယ်စေမဲ့ ပုံပြင်မျိုးလေးတွေပေါ့။ အဓိကကတော့ ကျွန်တော်စဉ်းစားထားတာ ဗုဒ္ဓဝင် ပုံပြင်လေးတွေဖြစ်ပါတယ်။ သားလေးဟာ ဗုဒ္ဓဘာသာကို ငယ်ကတည်းက အကျွမ်းဝင်နေစေပါမယ်။ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့အကျိုး ခံစားရမယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ စိတ်ထားပျော့ပြောင်းလာပါလိမ့်မယ်။ နောက်တစ်ချက်က စာပေကို ချစ်မြတ်နိုးလာပါလိမ့်မယ်။ ပုံပြင်လေးတွေ ဖတ်မပြခင် ညတိုင်း သားလေးကို ဘုရားရှိခိုးသင်ပေးပါမယ်။ ကြိမ်းမောင်းဆူပူတာမျိုးမဟုတ်ပဲ အတူလုပ်ဆောင်ရင်း သားလေး ဘုရားရှိခိုးနည်းကို တတ်လာပါလိမ့်မယ်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုသလို သားလေးဟာ ကျွန်တော်လုပ်သမျှကို လိုက်လုပ်မယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။

 ငါးနှစ်သားမှာ ကျွန်တော် စာစသင်ပေးပါမယ်။ စာသင်ပေးတဲ့အခါ ကလေးဖြစ်တာကြောင့် ကလေးတစ်ယောက် မှတ်သားနိုင်လောက်တဲ့ ပမာဏလေးကိုပဲ လောဘမကြီးပဲ သင်ပေးဖို့လိုပါတယ်။ စစချင်းမှာ အင်္ဂလိပ်စာလုံးလေး သုံးလုံးလောက်ကို မှတ်သားစေပါမယ်။ အလွတ်ကျက်ခိုင်းတာမျိုးမဟုတ်ပဲ သူနားဝင်အောင် ကျွန်တော် ခဏခဏ ရွတ်ပြပေးမှာပါ။ တဖြည်းဖြည်းနဲ့ နည်းနည်း နည်းနည်းစီတိုးပြီး သင်ပေးသွားပါမယ်။ တစ်နေ့စာဆယ်လုံးရမယ်ဆိုရင် တစ်လမှာ အလုံးကိုးဆယ်ရမှာပါ။ ဘာဖြစ်ဖြစ် ကျွန်တော့်သားလေးဟာ အင်္ဂလိပ်စာအနည်းဆုံး တစ်နှစ်ကို အလုံးငါးရာလောက်တော့ ရနေမှာပါ။ ဒုတိယကတော့ သချာင်္အတွက်အချက် လွယ်လွယ်လေးတွေကို သူနဲ့အတူဆော့ပေးရင်း သင်ပေးပါမယ်။ သုံးလလောက်သင်ပေးပြီးရင်တော့ ကျွန်တော် နောက်တစ်ဆင့်တက်တဲ့အနေနဲ့ သားလေးကို အင်္ဂလိပ်စာ စကားပြောလေးတွေ စပြီးသင်ပေးပါမယ်။ ဒီအရွယ်ဟာ အတုမြင် အတတ်သင်တဲ့ အရွယ်ဖြစ်ပါတယ်။ My name is ဘယ်သူဆိုပြီး သားလေးကို စပြီးသင်ပေးပါမယ်။ တဖြည်းဖြည်းနဲ့သားလေးဟာ သူ့ကိုယ်သူ မိတ်ဆက်တတ်ပြီး အင်္ဂလိပ်စကားအနည်းအကျဉ်းကို စပြောတတ်လာပါလိမ့်မယ်။ ကျွန်တော် အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်ပါဘူး။ ဒါပေမယ့် သားလေးအတွက်ဆို ကထိကတစ်ယောက်လို ကျွမ်းကျင်မှုမျိုးရှိဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ အပြည့်အဝခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော့်သားလေးကို သင်ပေးချင်တဲ့ ပမာဏကို ကျွန်တော် အရင်ထုတ်နှုတ်မယ်။  ပြီးရင် အွန်လိုင်းကဖြစ်ဖြစ်၊ Dictionary Application ကဖြစ်ဖြစ် ကျွန်တော် အသံထွက်တွေ နားထောင်ပြီး အရင်လေ့ကျင့်ပြီးမှ သားလေးကို သင်ပေးပါမယ်။ ကျွန်တော့်ရဲ့ ဖေ့ဘုတ်သုံးမယ့် အချိန်တွေကို ကလေးများအတွက် သင်ခန်းစာတွေကို ကျွန်တော်လိုက်လံဖတ်မှတ်ပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သားလေးနဲ့ ကျွန်တော်ဟာ သံယောဇဉ် ပိုမြဲလာပါလိမ့်မယ်။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို ထင်မြင်လာပြီး သူ့ရဲ့ခံစားချက်တွေကို ကျွန်တော့်ကို ပြောပြတတ်လာပါလိမ့်မယ်။ သူနဲ့ကျွန်တော် ဘယ်တော့မှ ဝေးကွာတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ သူ့ရဲ့သူရဲကောင်း၊ သူ့အခက်အခဲတိုင်းအတွက် ဖြေရှင်းပေးနိုင်သူ၊ အတုယူစရာလူတစ်ယောက်လဲ ဖြစ်လာမှာ မလွဲပါဘူး။

နောက်တစ်ခု ကျွန်တော်လေ့ကျင့်ပေးစရာ ရှိပါသေးတယ်။ အဲ့ဒါက ငွေကြေးကို တန်ဖိုးထားတတ်အောင် ငွေစုတတ်လာအောင် ပျိုးထောင်ပေးဖို့ပါ။ သူ့ကို ကျွန်တော် အရုပ်ဆိုင်ခေါ်သွားပါမယ်။ ကလေးဆိုတော့ အရုပ်လေးတွေမြင်ရင် လိုချင်လာမှာပါပဲ။ သူတစ်ခုခုကို အသည်းအသန်လိုချင်မှာ သေချာပါတယ်။ မဝယ်ပေးပါဘူး။ အဲ့ဒီအစား ကျွန်တော် ဆိုင်ရှင်ကို ခွင့်တောင်းပြီး ဓာတ်ပုံရိုက်လာပါမယ်။ ပြီးရင်တော့ Print ထုတ်ပြီး သူမြင်မဲ့နေရာမျိုးမှာ ကျွန်တော်ထားပါမယ်။ သူနေ့တိုင်းမြင်နေရပြီး လိုချင်လာအောင် ကျွန်တော်ဆွဲဆောင်ပါမယ်။ သူ အရမ်းလိုချင်လာတဲ့အချိန်မှာ ကျွန်တော် ဖြေးဖြေးချင်း နားဝင်လာအောင် ရှင်းပြပါမယ်။ ပိုက်ဆံစုပြီး သူလိုချင်တာ ဝယ်လို့ရတဲ့ အကြောင်းကိုပေါ့။ သူ့ကို ကျွန်တော် မုန့်ဖိုး ငါးဆယ်ဖြစ်စေ၊ တစ်ရာဖြစ်စေ ပေးမယ့် အကြောင်း အရုပ်တန်ဖိုးက ဘယ်လောက်ဖြစ်တဲ့အကြောင်း၊ ဘယ်နှစ်ရက် မုန့်မစားပဲ စုရင် ဝယ်နိုင်မယ်ဆိုတဲ့အကြောင်း သူနားလည်သဘောပေါက်စေပါမယ်။ ကျွန်တော့်သားလေးကို ကျွန်တော် သချာင်္သင်ပေးပြီးပြီလေ။ သူ စိတ်အားထက်သန်စွာနဲ့ စုချင်လာအောင် ကျွန်တော် တိုက်တွန်းပေးပါမယ်။ သေချာပါတယ်။ ကျွန်တော်က သူ့ရဲ့အားကိုးရာ ရွှေတောင်ကြီးလေ။ ဒီတော့ သူကျွန်တော်ဖြစ်စေချင်သလို လိုက်လုပ်မှာပါပဲ။
သူခုနှစ်သားလောက်ကျရင် ကျွန်တော် ရုပ်ပြစာအုပ်လေးတွေ မြန်မာလိုရော အင်္ဂလိပ်လိုရော ဝယ်ပေးပါမယ်။ ပြီးရင်တော့ သူဖတ်ချင်လာအောင် ကျွန်တော် ဦးဆောင်လမ်းပြလုပ်ပါမယ်။ သူ့ရဲ့ကစားဖော်၊ တိုင်ပင်ဖော် ကျွန်တော်လုပ်တဲ့ အလုပ်ကို သူလိုက်လုပ်မှာပါပဲ။ ဒီလိုနဲ့ သားလေးဟာ စာဖတ်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ သေချာတာက သားလေးကို ပျိုးထောင်ရာမှာ ကျွန်တော် တစ်ခါတစ်လေကလွဲရင် ကြိမ်လုံးမသုံးပါဘူး။ အကြောက်တရားက ရေရှည်မခံပါဘူး။ မေတ္တာတရားကသာ ရေရှည်တည်တံ့စေမှာပါ။ ကလေးကို မကြောက်စေခြင်း၊ ကျွန်တော့်ကို ခင်တွယ်နေစေခြင်း၊ ကျွန်တော့်ကို အားကိုးနေစေခြင်းအားဖြင့် ကျွန်တော့်သားလေးဟာ နောင်နှစ်ဘယ်လောက်ကြာကြာ ကျွန်တော့်ရင်ခွင်ကနေ ခွဲထွက်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်ကလဲ ခွဲထွက်မခံပဲ အစဉ်တစိုက် သားလေးအတွက် ရှေ့ဆောင်လမ်းပြ ကြယ်တစ်ပွင့်ဖြစ်နေစေမှာပါ။ သင်လဲတစ်နေ့ မိဘဆိုတဲ့ နေရာရောက်လာရင် ငါဘယ်လို ဦးဆောင်လမ်းပြပေးမလဲဆိုတာကို ကြိုတင်စဉ်းစားထားဖို့ တိုက်တွန်းရင် ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။ ကြိုးစားပါဦးမည်။
ESMyanmarGroup

0 comments:

Post a Comment