Thursday, October 12, 2017

Make yourself happy (သို့) မိမိကိုယ်ကို ပျော်အောင်ထားခြင်း

ပျော်ချင်ပါသလား။ ကိုယ့်ကိုကိုယ်ချစ်တတ်လာအောင် ပြုပြင်ပြီး စတင်လိုက်ပါ။ လူတွေက မိမိကိုယ်ကိုယ် မြင့်မားတဲ့ ရည်မှန်းချက်တွေ၊ ပြီးပြည့်စုံတဲ့ဘဝ ဖြစ်လာဖို့ ရည်မှန်းချက်တွေနဲ့ တုတ်နှောင်ထားကြပါတယ်။ မိမိရရှိထားတဲ့ ဘဝထက် ပိုမြင့်တာကို အမြဲ မျှော်ငေးရင်း မပျော်မရွှင်ဖြစ်တတ်ကြပါတယ်။ ပျော်ရွှင်နေတဲ့လူတွေဆိုတာ သူတို့ကိုယ် သူတို့ချစ်တတ်ကြပြီး မှန်ကန်တဲ့ ကာကွယ်မှုတွေ ပေးတတ်ကြတယ်။ တစ်နေ့စီတစ်နေ့စီတိုင်းမှာ သူတို့ဟာ သူတို့အတွက် ကောင်းမယ်ထင်တာတွေကို လုပ်ကြတယ်။
ကိုယ့်ကိုကိုယ် ချစ်တတ်လာတဲ့အခါ အနှုတ်လက္ခဏာဆောင်တဲ့ အတွေးတွေကို ရှောင်ရှားလာတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ပျော်အောင်ထားတယ်ဆိုတာ တကယ်တော့ တစ်ယောက်တည်းအတွက် ကောင်းတာမဟုတ်ပါဘူး။ မိမိနဲ့ ဆက်နွယ်နေတဲ့ မိသားစု၊ ချစ်သူတို့အတွက်ပါ ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါတယ်။ ကိုယ်တိုင်ပျော်ရွှင်အောင် လုပ်နိုင်မှ၊ ကိုယ့်ကိုကိုယ်ချစ်နိုင်မှ သူများကိုလဲ ပျော်ရွှင်အောင်ထားတတ်၊ ချစ်တတ်မှာပါ။
မိမိကိုယ်ကို ပျော်ရွှင်အောင်ထားနိုင်ဖို့ အချက် ၁၂ ကို ဖော်ပြပေးလိုက်ပါတယ်။
 ၁။ နေ့တိုင်းမိမိကိုယ်ကို ကောင်းမွန်တဲ့အရာတစ်ခုလုပ်ပေးပါ။
ကိုယ့်ကိုကိုယ် ဂရုစိုက်ကြောင်း ကိုယ့်ကိုကိုယ် ချစ်ခင်ကြောင်းသေချာစေဖို့ နေ့တိုင်းမှာ ကိုယ်ကိုကိုယ် ကောင်းမွန်တာလေး တစ်ခုလုပ်ပေးပါ။ ဆိုလိုတာက ချစ်သူရည်စားအတွက် ပန်းလေးတစ်ပွင့်၊ ချောကလက်လေးတစ်တောင့် ပေးကြသလို မိမိကိုယ်တိုင်လည်း မိမိကိုကိုယ် စိတ်ကျေနပ်စေမဲ့ အရာလေးတစ်ခု အမြဲလုပ်ပေးပါ။ ဥပမာအားဖြင့် အရမ်းသွားချင်တဲ့နေရာကို စိတ်လွတ်ကိုယ်လွတ်သွားလိုက်တာမျိုး၊ အရမ်းစားချင်နေတဲ့ ကြေးအိုးဆီချက်ကို အားပါးတရ သွားစားလိုက်တာမျိုး နေ့တိုင်းမှာ ကိုယ်တိုင်အတွက် တွေးပြီး စိတ်ကျေနပ်စရာတစ်ခုခု လုပ်ပေးပါ။

 ၂။ မိမိကိုယ်ကို နားလည်အောင်ကြိုးစားပါ။
ကိုယ့်စိတ်ကိုကိုယ် နားမလည်နိုင်မှုက အဆိုးဆုံးပါပဲ။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ငါ ဘာဖြစ်ချင်သလဲ။ ဘာလုပ်ချင်သလဲ။ ကိုယ့်စိတ်ကိုယ် နားလည်နိုင်ဖို့ကလဲ ခက်ခဲပါတယ်။ အစပိုင်းမှာ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ခြင်း၊ စာရွက်ပေါ်ချရေးခြင်းနည်းကို အသုံးပြုပြီး တဖြည်းဖြည်း အလေ့အကျင့်ရလာတဲ့အခါ ကိုယ့်ကိုကိုယ်နားလည်နိုင်လာပါလိမ့်မယ်။


၃။ မိမိကိုကိုယ် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
အရင်ကလဲ မိမိကိုယ်ကို ခွင့်လွှတ်တတ်အောင်သင်ယူခြင်းဆိုတဲ့ ဆောင်းပါးကို ရေးခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ပြီး ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ တန်ဖိုးထားတတ်ဖို့က အရေးကြီးပါတယ်။
၎။ လက်ရှိဘဝမှာနေထိုင်ပါ။
ဆရာတော်တွေဟောကြားတဲ့ တရားတွေမှာ အတိတ်ကိုလဲ မပြန်နဲ့၊ အနာဂတ်ကိုလဲ မမျှော်နဲ့၊ ပစ္စုပ္ပန်မှာ တည့်တည့်နေဆိုတာ ပါပါတယ်။ လက်ရှိမှာ နေထိုင်ခြင်းဟာ အကောင်းဆုံးနည်းပါပဲ။ အတိတ်ဆိုတာ ကျန်ခဲ့ပြီးပြီပဲ ဘာလို့လှည့်ကြည့်နေမှာလဲ။ အနာဂတ်မှာ ဘာဖြစ်မလဲ တွေးပူနေစရာမလိုပါဘူး။ မနက်ဖြန်မှာ အသက်ရှင်မယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်ရှိလို့လား။ ရှင်သန်ချိန်လက်ရှိခဏတာလေးတွေမှာပဲ အကောင်းမွန်ဆုံးနေထိုင်ပါ။

၅။ မကောင်းတဲ့ပတ်ဝန်းကျင်ကို ရှောင်ကြဉ်ပါ။
မိမိသူငယ်ချင်းထဲမှာဖြစ်ဖြစ်၊ မိမိလုပ်ငန်းခွင်မှာဖြစ်ဖြစ် မိမိကို အမြင်မကြည်တဲ့၊ မနာလိုမုန်းတီးတဲ့လူတွေကို ရှောင်ကြည်ပါ။ ကိုယ့်ကို မပျော်ရွှင်စေတဲ့ ဘယ်သူ့ကိုမဆိုပေါ့။ တကယ်တော့ ဒီလိုရှောင်တယ်ဆိုတဲ့ ကိစ္စကလဲ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ တကယ်လို့ ဝန်ထမ်းဖြစ်တယ်ဆိုပါတော့။ customers တွေနဲ့ အမြင်မကြည်လဲ ဆက်ဆံရမှာပဲ။ ဒါမှမဟုတ် အိမ်က အစ်ကိုတွေ အစ်မတွေနဲ့ အဆင်မပြေတာမျိုး။ ဒါလဲ ရှောင်ရခက်တဲ့ကိစ္စပါပဲ။ စာရေးသူအကြံပေးချင်တာကတော့ ခွင့်လွှတ်တတ်တဲ့ စိတ်ကို မွေးမြူဖို့ပါပဲ။ ဘယ်လိုမှ ခွင့်မလွှတ်ပေးနိုင်တဲ့ အဆုံးကျရင်တော့ ဥပေက္ခာပြုလိုက်ပါ။ နောက်တစ်ခုကတော့ ကိုယ့်ကို စကားလာမပြောအောင် ဖုန်းပြောနေလိုက်တာမျိုး၊ တခြားတစ်ခုခုကို လုပ်စရာရှိနေသလိုလိုနဲ့ရှောင်ပါ။

၆။ ကျန်းမာရေးကို ဦးစားပေး ဂရုစိုက်ပါ။

ကျန်းမာပျော်ရွှင်ဆိုတဲ့စကားရှိပါတယ်။ ဘာလို့တွဲပြီးသုံးကြလဲဆို ကျန်းမာမှ ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ အနည်းဆုံးတစ်ကြိမ်တော့ နေမကောင်းဖြစ်ဖူးကြမှာပါ။ နေမကောင်းဖြစ်တဲ့အခါ ပျော်ရွှင်နိုင်ပါရဲ့လား။

၇။ အစားအသောက် ပုံမှန်စားပါ။
ငါ အရမ်းအလုပ်များနေလို့ ဒီနေ့ဘာမှမစားဖြစ်ဘူးဆိုပြီး လူတွေပြောလေ့ရှိပါတယ်။ ဒါက ကိုယ့်ကိုကိုယ်နှိပ်စက်တဲ့ အဆိုးရွားဆုံးနည်းဖြစ်ပါတယ်။ အစားအသောက်ဗေဒပညာရှင်တွေက ဦးနှောက်ကို အားအင်တွေပေးပို့ဖို့ သွေးထဲမှာ သကြားဓာတ်လိုအပ်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ဘာမှ မစားဖြစ်ဘူးဆိုရင်တောင် အနည်းဆုံး အာလူးကြော်တစ်ထုပ်ဖြစ်ဖြစ် အလုပ်စားပွဲမှာထားပြီး အလုပ်လုပ်ပါ။

၈။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
တကယ်တမ်းပြောချင်တာကတော့ တစ်နေ့ နာရီဝက်၊ တစ်နာရီလောက် တရားထိုင်စေချင်တာပါ။ ဒါပေမယ့် အဲ့လိုမဖြစ်ရင်တောင် တစ်နာရီခြားတစ်ကြိမ်လောက်ဖြစ်ဖြစ် ပြင်ပလေကို ရှူရှိုက်တတ်တဲ့ အလေ့အထလေးလုပ်ပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ဦးနှောက်ကို ကြည်လင်စေပါတယ်။

၉။ ပျော်ရွှင်စေမဲ့ နေရာတစ်ခုဖန်တီးပါ။
မိမိစိတ်ကို ကြည်နူးစေမဲ့ နေရာမျိုးတစ်ခု ဖန်တီးပါ။ ဥပမာ ပန်းခြံထဲ လမ်းသွားလျှောက်လိုက်တာမျိုး၊ ပန်းပွင့်လေးတွေ သဘောကျတဲ့သူက ပန်းခင်းထဲ သွားလိုက်တာမျိုး။ ကိုယ့်စိတ်ကို လန်းဆန်းပေါ့ပါးသွားစေမဲ့ နေရာမျိုးလေး ကိုယ်တိုင်ဖန်တီးပါ။ မရှိသေးဘူးဆိုရင် အခုပဲ တွေ့အောင်ရှာလိုက်ပါ။ စာရေးသူကတော့ အိပ်ခန်းကို အရမ်းကြိုက်နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ အိပ်ယာလေးက အမြဲတမ်းကျွန်တော့်ကို ပြုံးပြီး လာအိပ်လှည့်ပါလို့ ကြိုဆိုနေသလို ခံစားရလို့ပါ။

၁၀။ နေအလင်းရောင်အောက် လမ်းလျှောက်ပေးပါ။
ပန်းပင်လေးတွေက နေရဲ့အလင်းရောင်နဲ့ အစာကို ချက်လုပ်ပါတယ်။ ပန်းပွင့်တွေရှင်သန်ဖို့ နေရောင်ခြည်ရဲ့အနွေးဓာတ် လိုအပ်ပါတယ်။ အဲ့ဒီလိုပဲ လူသားတွေလဲ နေရောင်ခြည်ရဲ့ အနွေးဓာတ်ကို လိုအပ်ပါတယ်။ မနက်ခင်းနေရောင်ခြည်နွေးနွေးလေးအောက်မှာ လမ်းနည်းနည်း လျှောက်လိုက်ရင် လူက လန်းဆန်းသွားတတ်ပါတယ်။ အရမ်းပူတဲ့ နေ့လည်ခင်းအချိန်တွေတော့ ရှောင်ပေါ့ဗျာ။

၁၁။ ရေပုံမှန်ချိုးပေးပါ။
ရေ ပုံမှန်ချိုးပေးခြင်းဟာလဲ စိတ်ကို လန်းဆန်းပြီး ပျော်ရွှင်စေပါတယ်။ တစ်နေ့မှာ တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးပါ။ တစ်ချို့က ကြေးညော်ရှိတဲ့အခါမှ ချိုးရတာလို့ပြောပါတယ်။ မဟုတ်ပါဘူး။ စိတ်ကို လန်းဆန်းကြည်လင်နေစေဖို့ ရေချိုးပေးရတာပါ။ ရေချိုးတဲ့အခါလဲ ရေအေးလေးနဲ့ ဖြေးဖြေးမှန်မှန် လောင်းပေးခြင်းဟာ မြန်မြန်ဆန်ဆန် လောင်းချိုးခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ ဒါပေမယ့် ဆောင်းတွင်းမှာတော့ သတိထားပေါ့ဗျာ။

၁၂။ ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေးပါ။
မိမိ အရမ်းလိုချင်နေတဲ့ ပစ္စည်းလေးရှိမယ်။ ဒါပေမယ့် ငွေကြေးကလည်း အရမ်းများနေမယ်ဆိုရင် အဲ့ဒီပစ္စည်းဖိုး စုဆောင်းပြီး ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေးပါ။ လူတွေက တန်ဖိုးကြီးလက်ဆောင်ရတဲ့အခါ ပျော်ရွှင်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်ရော အဲ့လို ပျော်ရွှင်မှုမျိုး မပေးချင်ဘူးလားဗျာ။ အနည်းဆုံး သုံးလတစ်ကြိမ်လောက်ဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေး (သို့) ဆုချပေးပါ။ ဘာအကြောင်းပြချက်မှ မရှိရင်တောင် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ပေးလို့ ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ပေါ့။


0 comments:

Post a Comment