Tuesday, March 6, 2018

ခရီးသွားကြရအောင်


ပွင့်လင်းရာသီရောက်ခဲ့ပြန်ပေါ့။ အိမ်မှာနေရတာ ပျင်းရတဲ့ကြားထဲ Facebook ပေါ်မှာလဲ ဟိုသွားပြန်ပြီ။ ဒီသွားပြန်ပြီနဲ့ ပို့စ်တွေက တက်တက်လာတော့ စိတ်က ရွစိရွစိ။ သူငယ်ချင်းအများကြီးရှိတာ ကောင်းတယ်ဆိုတာ ဒီအချိန်မှာ အသိသာဆုံးပဲ။ သွားပါ။ များများသာ သွားကြပါ။ သွားနိုင်လာနိုင်တုန်းပဲ သွားရတာလေ။ တစ်ခါတစ်လေ ဘိုင်ပြတ်ရင်တော့ ပြောမိသား။ ခရီးထွက်စရာမလိုပါဘူးကွာ။ အင်တာနက်လေး ဖွင့်လိုက်တာနဲ့ နေရာအစုံမြင်ရပြီးသားဆိုပြီး။ ကိုယ်တိုင်ခရီးသွားရင်တောင် အဲ့လောက်လှတဲ့ ရှုခင်းတွေမြင်ရမှာ မဟုတ်ဘူး။ ဟုတ်ပ။ ဥပမာအားဖြင့် ချောင်းသာကမ်းခြေသွားတယ်ပဲထား။ အင်တာနက်မှာ ကြည့်တုန်းကတော့ ရေလေးကစိမ်းလို့။ ကူးချင်စရာလေး။ ကိုယ်တိုင်ရောက်သွားမှ ဗွက်ရောင်ပေါက်နေတာမျိုးလေးတွေပေါ့။ ရည်ရွယ်ချက်ပျောက်သွားမှာစိုးတာရယ်၊ စာရေးသူကို ဘိုင်ပြတ်နေတဲ့ငနဲလို့ ထင်သွားမှာစိုးတာကြောင့် ခရီးဘာကြောင့် သွားသင့်လဲဆိုတဲ့ အချက်လေးကိုပဲ ပြန်သွားလိုက်ရအောင်ဗျာ။


၁။ အမြင်ကျယ်လာစေဖို့ ခရီးသွားရအောင်





ခရီးသွားတယ်ဆိုတာမှာလဲ တစ်ခါလာလဲ ငွေဆောင်၊ ချောင်းသာ။ တစ်ခါလာလဲ ငွေဆောင်၊ ချောင်းသာ ဆိုရင် ပိုက်ဆံကုန်တာကလွဲလို့ ဘာမှမထူးပါဘူး။ ခရီးသွားလာတယ်ဆိုတာ ကိုယ့်ရဲ့ အသိအမြင်ဗဟုသုတတွေ တိုးပွားလာစေဖို့၊ ရှုခင်းအသစ် အသစ်တွေကို ခံစားနိုင်စေဖို့ဖြစ်ပါတယ်။ မွေးဖွားလာတယ်၊ သေဆုံးသွားတယ်ဆိုတာရဲ့ကြားမှာ ကမ္ဘာကြီးရဲ့ အလှအပကို ခံစားခဲ့ရတယ်ဆိုတာလေးပါ ထပ်ဖြည့်ကြည့်ပါ။ ရေမြေတောတောင်တွေရဲ့ သဘာဝအလှတွေ၊ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ ချစ်စရာအလေ့အထလေးတွေကိုမှ မမြင်ဖူးရင်တော့ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ သင်အော်နေမှာပါပဲ။ လူ့ဘဝဆိုတာ ရခဲပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ကမ္ဘာကြီးရဲ့ အလှအပကို ခံစားရင်း Selfie လေးဆွဲကြပေါ့ဗျာ။


၂။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေဖို့ ခရီးသွားရအောင်



သူငယ်ချင်းရေ လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေ ဆောရီး Tea Time ဆိုတော့ ရောသွားလို့။ ကိုယ့်ကို မမြင်တာနဲ့ ကိုယ့်သောက်တင်းအုပ်မယ့် သူငယ်ချင်းတွေကို သူငယ်ချင်းတို့ရေ ခရီးသွားကြရအောင်ဟေ့ ဆိုပြီး အတင်းသွားခေါ်ကြရအောင်ဗျာ။ တော်ကြာ ကိုယ်တစ်ယောက်ထဲ သွားရင် နောက်ကွယ်မှာ ကိုယ့်သောက်တင်းပြောနေဦးမယ်။ ရုပ်ရှင်တွေ ပုံတွေထဲမှာလဲ တွေ့ဖူးမှာပါ။ သူငယ်ချင်းတွေ အဖွဲ့လိုက်ကြီး ပျော်ပျော်ပါးပါးဆိုပြီး ခရီးသွားကြတာ။ တကယ်လဲ ပျော်ဖို့ကောင်းပါတယ်။ တကယ်ရင်းနှီးတဲ့သူတွေနဲ့ဆိုရင်။ တစ်ချို့ကျတော့လဲ ခရီးသွားရင်းနဲ့မှ ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးသွားကြတယ်။ ဒါတော့ ကိုယ့်ပေါ်ပဲ မူတည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပေါင်းအသင်းတွေ တစ်အုပ်ကြီး ခရီးသွားကြတာက တစ်ယောက်ထဲ သွားတာထက်၊ မိသားစုတွေနဲ့ သွားတာထက်၊ ချစ်ချစ်နဲ့ နှစ်ယောက်ထဲ သွားတာထက် ဗရုတ်သုတ်ခ အလွဲလေးတွေပိုများပြီး ပိုပျော်စရာကောင်းတာ အမှန်ပါပဲဗျာ။


၃။ ကမ္ဘာကြီးမကျဉ်းကြောင်းသိဖို့ ခရီးသွားရအောင်



ကမ္ဘာကြီးက မကျဉ်းပါဘူး။ ကျဉ်းနေတာ သင့်မျက်လုံးတွေဖြစ်မှာပါ။ မျက်လုံးတွေကို ချဲ့ပြီး ကြည့်ကြရအောင်ဗျာ။ ကမ္ဘာကြီးအနေနဲ့ ထားပါဦးဗျာ။ မြန်မာနိုင်ငံက သေးပါတယ်။ ဒါပေမယ့် ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေ အများကြီး။ ရန်ကုန်ကနေ နီးနီးနားနား ကျိုက်ထီးရိုးဘုရားဖူးမလား။ ဝေးဝေးလံလံ ဖားကန့်အထိပဲ သွားမလား။ သွားစရာတွေမှ တစ်ပုံတစ်ခေါင်း။ ကျွန်တော်တော့ ဆုံးဖြတ်ထားတယ်။ ခရီးသွားဖို့အတွက် သီးသန့်ပိုက်ဆံသေချာစုထားမယ်လို့။ ဘော်ဒါတွေကိုလဲ စည်းရုံးရဦးမယ်။ လတိုင်းတစ်လတစ်ကြိမ်သွားမယ်ဆိုရင်တောင် မြန်မာနိုင်ငံကို နှံ့ဖို့ သုံးနှစ်နဲ့ လောက်ပါ့မလား တွေးနေမိတယ်။


၎။ စိန်ခေါ်မှုအသစ်တွေ တွေ့ကြုံရဖို့ ခရီးသွားရအောင်


တစ်ခါတုန်းက ခရီးထွက်မိတယ်။ ဟော်တယ်ကြိုမမှာထားတော့ လမ်းဘေးမှာ ခွေးဖြစ်ပြီး မိုးလင်းသွားတယ်။ အတွေ့အကြုံလေးပြောပါတယ်။ တစ်ညလုံး လမ်းဘေးမှာ ထိုင်နေဖူးသွားတာပေါ့ဗျာ။ ဒါလဲ စိန်ခေါ်မှုအသစ်ပဲလေ။ ဒီစိန်ခေါ်မှုအသစ်၊ အတွေ့အကြုံအသစ်လေးကနေ ခရီးသွားတော့မယ်ဆိုရင် ဘယ်လိုမျိုးကြိုတင်ပြင်ဆင်ရမယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်သွားတယ်။ ကိုယ်သွားလာမယ့် ခရီးနဲ့ နီးလဲနီး၊ စရိတ်စကလည်းသက်သာမယ့် တည်းခိုလို့ရမယ့်နေရာကို အရင်ကြိုရှာဖြစ်သွားတယ်။ နောက်တစ်ခုက နေရာတွေမသိတာကြောင့် မနှံ့စပ်လိုက်ဘူး။ စရိတ်စကလည်း အကုန်အကျ များသွားတယ်။ ဒီခရီးလေးတစ်ခုကပေးတဲ့ အတွေ့အကြုံတွေပါပဲ။ အဲ့ဒီခရီးက တကယ်ပဲ ဆန်းသစ်တဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော် ကျရှုံးခဲ့တယ်။ ဒါပေမယ့် နောက်ထပ် နောက်ထပ် စိန်ခေါ်မှုအသစ်လေးတွေအတွက် မကျရှုံးအောင် အဆင်သင့် ပြင်ဆင်ထားဖြစ်ပါတယ်။


၅။ သမိုင်းနဲ့ ပထဝီကို မဖတ်ရဘဲ သိရှိနိုင်ဖို့ ခရီးသွားရအောင်


ဘာသာရပ်တွေထဲမှာ အပျင်းဆုံးကတော့ သမိုင်းနဲ့ ပထဝီပဲဗျာ။ သမိုင်းဆို ကမ္ဘာ့သမိုင်းထားဦး။ မြန်မာ့သမိုင်းတောင် မနည်းကျက်ခဲ့ရတယ်။ ပထဝီလဲ ဒီအတိုင်းပဲ။ ကဲဒီတော့ ခရီးသွားရအောင်ဗျာ။ ပုဂံကို သွားမယ်ဆိုရင် ပုဂံဘုရားသမိုင်းတွေနဲ့ ပုဂံမင်းတွေအကြောင်း သိအောင်လုပ်ခဲ့ပေါ့ဗျာ။ ကိုယ်ရောက်တဲ့ခရီး ပဲခူးလား ပုဂံလားသိအောင်ပေါ့။ ပုဂံရောက်ပြီး ဘာတစ်ခုမှ မသိခဲ့ဘူး။ Selfie ပဲ ဆွဲခဲ့တယ်ဆိုရင်တော့ ကိုယ့်ပုံမြင်လို့ သူများကလာမေးရင် ရယ်သာပြလိုက်ပေါ့ဗျာ။ ကျောင်းတုန်းက အလွတ်ကျက်မှတ်ခဲ့ရလို့ စိတ်ကုန်နေတယ်မှတ်လား။ အခု အလွတ်ကျက်စရာတောင် မလိုတော့ဘူး။ ကိုယ်တိုင်ရောက်ဖူးပြီ။ ငါ ဒီဘုရားမှာ ဒီလိုရိုက်ခဲ့တယ်။ ဒီဘုရားက ဘယ်သူတည်ခဲ့တာလေ စသဖြင့်ပေါ့။ နည်းနည်းပါးပါးလေး သိရင်တောင် မဆိုးပါဘူး။


၆။ မွန်းကျပ်မှုတွေရောက်မလာခင် ခရီးသွားရအောင်


ဘဝဆိုတဲ့ ခရီးစဉ်ကြီးကို အကြာကြီးဆက်သွားရဦးမယ်။ တစ်ချိန်မှာ အိမ်ထောင်ပြုမယ်။ ကလေးတွေယူမယ်။ ဒီလိုနဲ့ လုံးချာလည်လိုက်ရင်း ခရီးသွားတယ်ဆိုတာ စိတ်ကူးပဲ ရှိတော့မယ်။ လူတိုင်း တစ်နှစ်တစ်ကြိမ် အနည်းဆုံးခရီးသွားသင့်ပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ် လူလွတ်လေးတွေ ခရီးပိုသွားသင့်တယ်။ လွတ်လပ်နေတုန်းမှာ ခရီိးသွားလာခြင်းဟာ အကောင်းဆုံးပါပဲ။ နောင်တစ်ချိန် လူကြီးဖြစ်လာတဲ့အခါ ငါ ဒီခရီးတွေသွားပြီးသွားပြီဆိုပြီး ပြန်လည်ကျေနပ်စေမှာ အမှန်ပါပဲ။ နောက်မှပဲ သွားတော့မယ်။ နောက်မှပဲ သွားတော့မယ်ဆိုပြီး မရောက်ဖြစ်ခဲ့ရင်တော့ နောင်တစ်ချိန် သူများတွေရဲ့ ခရီးသွားဓာတ်ပုံလေးတွေ ကြည့်ရင်း ငါသွားနိုင်ရက်နဲ့ မသွားဖြစ်ခဲ့လေခြင်းဆိုပြီး ယူကြုံမရဖြစ်နေမှာ မြင်ယောင်မိရင်း ခရီးသွားကြရအောင်ဗျာ….

1 comment:

  1. How to Use My Lucky 15 Casino Rewards Card | jtmhub.com
    How to Use My 광양 출장샵 Lucky 15 울산광역 출장샵 Casino 공주 출장샵 Rewards Card on JtmHub. Find out how to use my Lucky 15 casino rewards card in the official 문경 출장샵 JTM 통영 출장안마 website.

    ReplyDelete